Your ADS Here Contact Buy Now!

VPN အသုံးပြုနိုင်မှု ဟန့်တားကြရန် စစ်ကောင်စီဖိအားပေးနေ

Facebook ကြည့်သူများ မဖြစ်မနေ သုံးရသည့် VPN ကို ပိတ်ပင်ကြရန် စစ်ကောင်စီက အင်တာနက်အော်ပရေတာများကို ဖိအားပေးနေကြောင်း သိရသည်။



စစ်ကောင်စီသည် ယင်းတို့မလိုလားသည့် အင်တာနက်စာမျက်နှာများကို ပြည်သူအများ မကြည့်နိုင်ရန် ပိုမို ကြိုးပမ်းလာနေပြီး အင်တာနက်ဝန်ဆောင်မှုပေးနေသည့် အော်ပရေတာကုမ္ပဏီများကိုလည်း ထိုသို့ ဆောင်ရွက်ရန် ဖိအားပေး ခြိမ်းခြောက်နေသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။ နိုင်ငံအတွင်း လူကြိုက်များသည့် လူမှုကွန်ရက်စာမျက်နှာ Facebook သုံးစွဲမှုကို ထိန်းချုပ်ရန် ကနဦးကြိုးပမ်းချက်တွင် Virtual Private Network (VPN) ဆော့ဝဲကို ပိတ်ပေးရန်၊ မပိတ်ပါက အင်တာနက်လိုင်းများ ပိတ်ပစ်မည်ဟု အင်တာနက်အော်ပရေတာများကို အသိပေးခဲ့ကြောင်း အော်ပရေတာများနှင့် နီးစပ်သည့် ဆက်သွယ်ရေးအင်ဂျင်နီယာတစ်ဦးက ပြောသည်။ “Facebook တစ်ခုတည်း သုံးမရအောင်ထက် သူတို့ပိတ်ခိုင်းတဲ့ ဟာတွေကို ပိတ်ခိုင်းတာ။ အရင် VPN ပိတ်ခိုင်းထားပေမဲ့ မခံဘဲသုံးရအောင် ဖွင့်ပေးတဲ့ လိုင်းတွေရှိတယ်၊ အခုကတော့ VPN လုံးဝပိတ်ပါ။ မပိတ်ရင် အင်တာနက်လိုင်းပိတ်သိမ်းမယ်ဆိုပြီး စာပို့တာမျိုးရှိတယ်” ဟု ထိုအင်ဂျင်နီယာက ပြောသည်။ အသေးစိတ်အခြေအနေများကိုမူ သူက ထုတ်ဖော်ပြောဆိုလိုခြင်းမရှိပါ။ စစ်ကောင်စီ၏ ဖိအားပေးမှုနှင့်ပတ်သက်၍ ဆက်သွယ်ရေးအော်ပရေတာများထံ Myanmar Now က သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။ အာဏာသိမ်းပြီးကတည်းက နိုင်ငံအတွင်း Facebook သုံးစွဲခွင့်မရအောင် စစ်တပ်က ပိတ်ပင်ခဲ့သည်။ ထိုအခြေအနေကို ကျော်လွှားရန် သုံးစွဲသည့်ဆက်သွယ်ရေးကွန်ရက်နှင့် အင်တာနက်လိပ်စာကို ခြေရာမခံနိုင်သည့် VPN ကို ပြည်သူတို့က သုံးစွဲလာခဲ့ကြသည်။ VPN သည် အင်တာနက်အသုံးပြုသူ၏ IP address ကို အသစ်ဖန်တီးပေးကာ သုံးစွဲသူ၏ တစ်ကိုယ်ရေလုံခြုံရေးကို အကာအကွယ်ပေးသည်။ သို့သော် VPN သုံးစွဲမှုကို အစိုးရနှင့် ဆက်သွယ်ရေးကုမ္ပဏီများက တားမြစ်လိုလျှင် လူသုံးများသည့် အခမဲ့ VPN များ၏ ဆာဗာများက ဖန်တီးပေးသည့် IP address များကို ပိတ်ပင်နိုင်သည်။ အလားတူ VPN လမ်းကြောင်းများထုတ်လွှင့်၊ ထိန်းချုပ်သည့် နေရာဖြစ်သော VPN port ကိုလည်း Firewall ကို အသုံးပြု၍ ပိတ်ပင်နိုင်သေးသည်။ VPN အသုံးပြုမှုလမ်းကြောင်း ပုံစံများကိုလည်း စိစစ်ထုတ်ကာ VPN သုံးစွဲမှုများကို ပိတ်ပင်နိုင်သေးသည်။ အင်တာနက်လိပ်စာ (IP address) များသည် VPN သုံးစွဲမှုအပေါ် အခြေခံ၍ ပေါ်ပေါက်လာပြီး ထို IP address များကို ကန့်သတ်လိုက်ခြင်းဖြင့် VPN မသုံးနိုင်စေရန် အော်ပရေတာများက တားဆီးနိုင်သည်။ ထိုအချက်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက VPN များကို ပိတ်ပေးရန် ဆက်သွယ်ရေးအော်ပရေတာများကို ဖိအားပေးလာခြင်းဖြစ်သည်။ VPN သုံးစွဲမှုကို အော်ပရေတာများ မထိန်းချုပ်ပါက သတင်းအချက်အလက်များ၊ အင်တာနက်စာမျက်နှာများကို ကြည့်ခွင့်မရစေရန် ပိတ်ပင်နိုင်သည့် Firewall နည်းပညာကို စစ်ကောင်စီက အသုံးပြုလာနိုင်သည်ဟုလည်း နည်းပညာရှင်များက ယုံကြည်နေသည်။ စစ်ကောင်စီက ယင်းတို့ပိတ်ပင်လိုသည့် အင်တာနက်စာမျက်နှာများ၊ သတင်းအဓိကထားတင်ဆက်နေသည့် အင်တာနက်စာမျက်နှာများကို အများပြည်သူ မဖတ်နိုင်စေရန် ဆက်သွယ်ရေးကုမ္ပဏီများနှင့် နေပြည်တော်တွင် ဆွေးနွေးနေသည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှုကို ထိန်းချုပ်ရန် ဆက်သွယ်ရေးကုမ္ပဏီများကို စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီကတည်းက ဖိအားပေးခဲ့သည်၊ ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် Facebook သုံးရန် ကြားခံသုံးရသည့် VPN ကို ယခုလဆန်းပိုင်းတွင် စတင်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် နည်းပညာပိုင်းဆိုင်ရာ အခြားသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။ မေလမှစ၍ မြန်မာနိုင်ငံတွင် Facebook သုံးစွဲနိုင်သူအရေအတွက် သိသိသာသာလျော့ကျသွားကြောင်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် နီးစပ်သူတို့က ဆိုသည်။

Facebook တွင် သတင်းအပြည့်အစုံ ဖော်ပြတင်ဆက်မှု အသားပေးသည့် ခေတ်သစ်သတင်းဌာနသည် မေလအတွင်းက ပရိသတ်သုံးသန်းခွဲထက်မနည်း၏ တုံ့ပြန်မှုရှိခဲ့သော်လည်း လကုန်ပိုင်းမှစ၍ ပရိသတ်တုံ့ပြန်မှုမှာ သုံးသိန်းဝန်းကျင် လျော့နည်းသွားသည်။ အလားတူ လွတ်လပ်သည့် အာရှအသံ (RFA) သတင်းဌာနသည်လည်း မေလအတွင်းက ပရိသတ်တုံ့ပြန်မှုမှာ ၆ သိန်းနှင့်အထက်ရှိသော်လည်း ဇွန်လပထမအပတ်အတွင်း ၅ သိန်းဝန်းကျင်အထိ ကျသွားသည်။ မြန်မာဘာသာဖြင့် တင်ဆက်နေသည့် သတင်းဌာနများ၏ သတင်းတစ်ပုဒ်ချင်းစီအပေါ် ပရိသတ်၏ တုံ့ပြန်မှုမှာလည်း လျော့နည်းကျဆင်းသွားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှ လူမှုကွန်ရက်အသုံးပြုနေသူများမှာ အခမဲ့အသုံးပြုနိုင်သော Nord-VPN, 1.1.1.1 VPN, U-VPN, Psiphon, Turbo, Thunder စသော အမျိုးမျိုးသော VPN application များကို နေ့စဉ်သုံးစွဲနေရသည်။ Facebook အပါအဝင် ပိတ်ပင်ထားသည့် အင်တာနက်စာမျက်နှာများထံမှ သတင်းအချက်အလက်ရရန် VPN အမျိုးအစား အနည်းဆုံး ငါးခုထက်မနည်းကို ဖုန်း သို့မဟုတ် ကွန်ပျူတာထဲ ထည့်သွင်းထားကာ အလျဉ်းသင့်သလို လှည့်လည်သုံးစွဲနေရသည်။ သို့သော်လည်း ရတစ်ချက်မရတစ်ချက်အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု ရန်ကုန်ဇာတိ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ “အခု ဖုန်းနှစ်လုံးရှိတာ။ လောလောဆယ် iPhone မှာ Turbo နဲ့ ချိတ်လို့ရပေမဲ့ လိုင်းက လုံးဝ မတက်သလောက်ပဲ။ Facebook က ဓာတ်ပုံတောင် ကြည့်မရဘူး။ တခြားသူတွေကတော့ Turbo နဲ့ အဆင်ပြေကြတယ်ပြောတာပဲ။ နောက်ဖုန်းတစ်လုံးကတော့ ဝယ်သုံးရတဲ့ Nord VPN နဲ့ အဆင်ပြေနေတယ်။ ဒါတောင် ရတစ်ချက်မရတစ်ချက်ပဲ။ လုံးဝ ကောင်းနေတာတော့ မဟုတ်ဘူး” ဟု သူက ပြောသည်။ စစ်ကောင်စီက VPN ကို ထိန်းချုပ်လိုက်ပြီးနောက် အင်တာနက်မှတစ်ဆင့် ဆက်သွယ်၍ လုပ်ရသောအလုပ်များမှာလည်း အခက်အခဲများကြုံတွေ့လာရကြောင်း၊ ကုန်စျေးနှုန်းများမြင့်တက်နေချိန် အင်တာနက်အသုံးပြုမှုအတွက် VPN ကိုပါ ဝယ်ယူသုံးစွဲနေရသောကြောင့် ငွေပိုကုန်ကြောင်း နေပြည်တော်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက မှတ်ချက်ပေးသည်။ “စာပို့တာလည်းမထွက်၊ ထွက်လည်း နာရီနဲ့ကြာမှ ထွက်တာ။ စဖြစ်တုန်းက အင်တာနက်လိုင်းမကောင်းဘူးပဲ ထင်ကြတာ။ ပြီးမှ VPN ဘန်းတယ်ဆိုတာ သိတာ” ဟု ထိုအမျိုးသမီးက ဆိုသည်။ “VPN ဘန်းတော့ VPN ကို ဝယ်သုံးလာကြရတယ်။ အဲတော့ အပိုပိုက်ဆံကုန်တာပေါ့၊ လူတွေ ကုန်စျေးနှုန်းတက် ကျပ်တည်းနေချိန်မှာ ခုလိုတွေနဲ့ အပိုပိုက်ဆံကုန်တယ်၊ ဆက်သွယ်ရတာလည်း ခက်ခဲတယ်” ရင်းနှီးသူတချို့ စုပေါင်းပြီး VPN ကို တစ်နှစ်စာ ဒေါ်လာ ၆၀ (ကျပ် နှစ်သိန်းခွဲကျော်) ဖြင့် ဝယ်ယူကာ မျှဝေသုံးစွဲနေရသော်လည်း ချိတ်ဆက်ရခက်ခဲမှုကိုလည်း ကြုံနေရသည်ဟု ၎င်းက ဆိုသည်။ “လွန်ခဲ့တဲ့ အင်တာနက်မရတဲ့ ၂၀၀၀ ကာလတွေကို ပြန်ရောက်သွားသလို ဖြစ်နေတာ” ဟု ထိုအမျိုးသမီးက ပြောလိုက်သည်။

Post a Comment

အခက်ခဲ တစုံတရာများ ရှိခဲ့ပါက Comment Box မှာ စာရေးထားခဲ့ပါ

If there are any problems, please let me know in the comment box.

अगर कोई समस्या है तो कृपया मुझे कमेंट बॉक्स में बताएं।
ဆက်စပ်ပို့စ်များ
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.